ရခိုင်ပြည်တွင် AD လေးရာစု မှ ကိုးရာစု အထိသည် ဝေသာလီခေတ်ဖြစ်သည်။ ထို ဝေသာလီခေတ်တွင် ရခိုင်ဘုရင်များသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသဖြင့် သီဟိုဠ်နိုင်ငံနှင့်
လူမှုရေးအရသော်လည်း ကောင်း၊ ဘာသာရေးအရလည်း ဆက်ဆံမှုရှိ ခဲ့ကြပါသည်။ ဝေသာလီဘုရင် သီရိစန္ဒြမင်း (သီရိဓမ္မ၀ိဇယမင်း) သာသနာနှစ် (1169) AD- 677 ) လက်ထက်တွင် သီဟိုဠ်မှ ၀ိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာ ပေါင်းရဟန်းသံဃာတစ်ထောင် ၊ ရခိုင်ပြည်မှ ၀ိပဿနာဓူရ ရဟန်းငါးရာ၊ ဂန္ဓာဓူရ ရဟန်းငါးရာ ၊ နှစ်ပြည်ထောင် ပေါင်း ရဟန်းသံဃာနှစ်ထောင်တို့ ဖြင့် ဝေသာလီပြည် ရွှေတောင်ကြီးတွင် စတုတ္တသင်္ဂါယနာ တင်ခြင်းကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြောင်တွေ့ရပါသည်။
စတုတ္ထ သင်္ဂါယနာ (ရခိုင်)
သင်္ဂါယနာ တင်သည့်ခုနှစ်- သာသနာနှစ် (၁၁၆၉) နှစ် (AD-677) ရခိုင်ကောဇာ( ၅၆၀) ဖြိုသည့်နှစ်
တန်းခူးလပြည့်ကျော်တစ်ရက် { ဦးရွှေဇံ ရခိုင်သမိုင်းအလင်းပြကျမ်း p-341}
သင်္ဂါယနာတင်သည့်နေရာ - ရခိုင်ဝေသာလီကျောက်လှေကားမြို့တော်၊ ရွှေတောင်ကြီး(ခေါ် )
သရက်ချိုတောင်ထိပ်၊
အကြီးအမှူးပြုသည့် ဦးဆောင်သံဃာ - အရှင်စူဠရေ၀တမထေရ်
တင်ရာတွပါဝင်သည့် သံဃာဦးရေ - ရခိုင်ပြည် မှ ၀ိပဿနာဓူရ ရဟန်း(၅၀၀) ဂန္ဓာဓူရရဟန်း(၅၀၀)
သီဟိုဠ်မှ ၀ိပဿနာဓူရ(၅၀၀) ဂန္ဓာဓူရ (၅၀၀) ပေါင်း သံဃာ(၂၀၀၀)
အထောက်အပံ့ပြုသည့်မင်း - သီရီစန္ဒြားမင်း(သီရိဓမ္မ၀ိဇယ) မိဖုရား ကဉ္စနမာလာဒေ၀ီ
သင်္ဂါယနာ တင်သည့် ဘာသာ - ပါဠိဘာသာ
တင်ရာတွင်ကြာမြင့်သည့်အချိန် - (၃) နှစ်
တင်သည့်ပစ္စည်း - ကြေးပြား
ကျမ်းအမည် ကျမ်းအရေအတွက် ကြေးပြားချပ်ရေ
မှတ်ချက်
ဝိနည်း ငါးကျမ်း ၂၅၀
သုတ္တံ သုံးကျမ်း ၉၁၀
ဒီယနိကာယ် ၃ ကျမ်း
မဇ္ဈိမနိကာယ် (ပဏ္ဏသ) ၃ ကျမ်း
သံယုတ္တနိကာယ် ၅ ကျမ်း
အင်္ဂုတ္တရနိကာယ် ၁၁ ကျမ်း
ခုဒ္ဒကနိကာယ် ၁၉ ကျမ်း
နိကာယ်ငါးရပ် (၄၁)ကျမ်း
အဘိဓမ္မာ ခုနစ် ကျမ်း ၈၄၀
စုစုပေါင်း - ၂၀၀၀
အက္ခရာတင်ခဲ့ရာတွင် တစ်နှစ် ကြာမြင့်ခဲ့သည်။
သုတ္တာန် (၄၁)ကျမ်းကို တစ်သုတ်လျှင် တစ်ကျမ်းကျစီဖြင့် ရေတွက်ထားခြင်းဖြစ်ပါသည်။
အဌာကထာဖွင့်ဆိုရာတွင်
ကျမ်းအမည် ကျမ်းအရေအတွက် ကြေးပြားချပ်ရေ
ဝိနည်း ငါးကျမ်း ၇၅၀
သုတ္တံ သုံးကျမ်း ၁၅၀၀
အဘိဓမ္မာခုနစ်ကျမ်း ၆၉၀
ဝိသုဒ္ဓိမဂ် ၄၀
ကင်္ခါဝိတရဏီ နှစ်ကျမ်း ၂၀
ဘိက္ခု ၊ ဘိက္ခုနီဝိနိစ္ဆာယ --------------
၃၀၀၀
အဌာကထာ အတွက် အက္ခရာတင်ရာတွင် ၂ နှစ်ကြာမြင့်ခဲသည်။
----------------------
စုစုပေါင်း ကြေးပြားချပ်ရေ (၅၀၀၀) ငါးထောင်
ကြေးပြားတစ်ချပ်အရွယ်အစား - အလျား ၂၇ လက္မ ၊ အနံ ၁၅ လက္မ -ထု တစ်မူး
ကြေးပြားတစ်ချပ်တွင် ပါသည့် စာကြောင်းရေ ( ၂၇ ) ကြောင်းစီ ကျောဖက်ရင်ဖက် ရေးထိုးထားသည်။
သင်္ဂါယနာ တင်ပြီ။းသောအခါ ထိုမူအတိုင်း ရေးကူးပွားစေသည်။ မူရင်းပိဋကတ်တော်ကြေးပုရပိုက်များကို ဝေသာလီမြို့တော်တစ်နေရာရှိ စေတီတစ်ဆူ၌ ဌာပနာတော်ထည့် ပြုလုပ်ခဲသည်ဟု သိရပေါသည်။ ထိုမူရင်းပွားကူးသော သင်္ဂါယနာတင် ပိဋကတ်ကျမ်းဂန် များကို မြောက်ဦးခေတ်တွင် နန်းတော်နှင့် အနီးဆုံး အလုံခြုံဆုံးဖြစ်သော ရွှေဂူတောင် ပိဋကတ်တိုက်၌ သိမ်းဆည်းထားသည်ဟု တဆင့်စကားကြားဖူးပါသည်။
ရခိုင်ပြည်လေးမြို့ခေတ် ပဉ္စမ သင်္ဂါယနာ နှင့် ဧကဒဿမ သင်္ဂါယနာ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အာနန္ဒစန္ဒြမင်း လက်ထက်သို့ ရောက်သည့်အခါ ဝေသာလီခေတ် သင်္ဂါယနာတင်ခဲ့သည့်ကျမ်းများကို များစွာရေးးကူးစေပြီ ဒေသအနှံ ပျံ့ နှံ့စေခဲ့သည်။ အနန္ဒစန္ဒြမင်း နတ်ရွာစံပြီး နှစ် (၁၅၀)ခန့်ကြာသောအခါတွင် လေးမြို့ခေတ် ပဉ္စာမြို့၌ စန္ဒသင်မင်း၏သားတော် ရခိုင်ဘုရင်မင်းရင်ဖြူ သည် ကောဇာသက္ကရာဇ် (၂၀၅ )ခုနှစ် AD (843 )ခုနှစ် သာသနာနှစ်(၁၃၇၄ )ခုနှစ်တွင် နန်းတက်၍ နန်းစံ ၄ နှစ်မြောက် သာသနာနှစ် (၁၃၇၈) ခုနှစ် ထိုမင်း၏ ပစ္စည်းလေးပါးချီးမြှောက်ခြင်းကို ခံယူလျှက် ရဟန္တာ သံဃာအရှင်မြတ် (၈၀၀) တို့သည် ရှေးဝေသာလီသင်္ဂါယနာမူကို အခြေခံ၍ ရက္ခ၀ဏ္ဏအက္ခရာဖြင့် ဒုတိယအကြိမ် သင်္ဂါယနာတင်ကြပြန်သည်ကို တွေ့ရှိရပါသည်။ ဤသို့ဖြင့် ရခိုင်ပြည်တွင် သင်္ဂါယနာတင်မှု (၂) ကြိမ် ရှိခဲ့လေသည်။
တဖန် ရခိုင်ဘုရင်မင်းရင်ဖြူသည် (ဧက ဒဿမ)အကြိမ်မြောက် သင်္ဂါယနာကိုလည်း တင်၏ဟု (ရှင်ဥာဏိဿရနှင့် ဦးဦးသာထွန်း -ရခိုင်မြန်မာပဏ္ဍိတ် အမေးအဖြေ မေးခွန်းနံပါတ်(၄)မှာ ဖြေဆိုထားသည်ကိုလည်း တွေ့ရှိရပါသည်။လေးမြို့ခေတ်တွင် ရခိုင်ဘုရင်တစ်ပါးတည်း ပဉ္စ သင်္ဂါယနာ နှင့် ဧကဒဿမ သင်္ဂါယနာ (၂) ကြိမ် တင်ထားခဲ့သည်ကို မှတ်တမ်းမှတ်ရာများက ဖေါ်ပြနေပေသည်။
အသောကမင်း သာသနာပြုစေလွှတ်သော တိုင်းပြည်များရှိ ဘုရင်လေးပါးတို့၏ အမည်နာမများကိုလည်းဖော်ပြထားတွေ့ရပါသည်။ ယင်းတို့ကား
(၁) တုရမယ၊
(၂)အင်တိကိုန၊
(၃) မဂ ဧလိက၊
(၄) ဆုန္ဒရ တို့ ဖြစ်ကြသည်။
အလားတူပင် တောင်ပိုင်းဒေသများ၌ ပဏ္ဍ၊ တမ္ဗရ
ပဏ္ဏိယတို့သို့လည်း သာသနာပြုများကို စေလွှတ်လေသည်။ ကမ္ဗောဇ၊
နာဘက၊ ဘောဇ၊ ပိတိနိယက၊ အန္ဓရ၊ ပုလိန္ဒကတို့သို့ သာသနာပြု
စေလွှတ်ကြောင်း ကျောက်စာ၌ ညွှန်ပြထားသည်။ ----
(စကားချပ်)အမှတ်(၄) ဆုန္ဒရ ဆိုသည်မှာ ရခိုင်ဝေသာလီမှ (စန္စြား)မင်းဆက်များကို ခေါ်ဆိုဟန်ရှိသည်၊
မေဓပညာမော်ကွန်း
မေဓပညာဆိုသည်မှာ AD (7) ရာစု ဝေသာလီကျောက်လှေကားခေတ်တွင် ထင်ရှားသော ပညာရှိ အမတ်ကြီး တစ်ဦးဖြစ်သည်၊ ရခိုင်တို့၏ ပထမဆုံး(သို့) မဇ္ဈိမဒေသ၏ စတုတ္ထအကြိမ် သင်္ဂါယနာ တင်ခြင်းများကို ပထမဆုံး မှတ်တမ်းတင်ရေးသားသီကုံးသူလည်းဖြစ်ပါသည်။ တစ်ချိန်တည်းတွင် သင်္ဂါယနာတင် မင်းက သက္ကရာဇ်ဖြို ခြင်းကို လည်း လင်္ကာဖြင့် မှတ်တမ်းတင်ဖေါ်ပြခဲ့သူဖြစ်သည်။
မေဓပညာမော်ကွန်းလင်္ကာ အပြည့်အစုံ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကမ္ဘာစဉ်လာ ၊ ဓမ္မာတာဖြင့် ၀ိဒွါသမုတ်(၁) ၊ စတုယုဂ်ကိန်း(၂) ၊ ၊ လေးသိန်းနှစ်သောင်း၊ နှစ်ထောင် ဆောင်းအယ့်။ နှစ်ပေါင်းကိုချုပ်၊ ကလိယုဂ်တည့်(၃) ။ ထိုယုဂ်နှစ်ပြန်၊ ဒွါပရန်(၄) ဟု၊သုံးပြန်တြေတာ(၅)၊ လေးဖြာကတ(၆)၊ ပေါင်းကြလေးထပ်၊ ရွှီးအပ်သိမှု ၊ အအဥအီ၊ ရာဂီဘြု(၇) ၊ ဂဏန်းစုဖြစ်၊ ထိုနှစ် အ ပေါင်း ခေါက်ပြောင်းပြန်လှန်၊ကပ်ဆုံးလွန်အောင် လူ့ ဘောင့်ပွားဆုတ်၊ လေးပါးယုဂ်တွင်၊ အယင် ကတ၊ ဓမ္မသစ္စာ၊ ပြည့်လာဥဿုံ (၈)၊ ကောင်းကိန်းကြုံအယ့်။
သုံးပုံတြေတာ ၊ ယုတ်မာတခု၊ ကောင်းမှု သုံးဖြာ၊ ဒွါပရာစက်၊တ၀က်ကောင်းဆိုး၊ တစ်မျိုးကလိ၊ အသိဧက၊ သုံးဝချွတ်ယွင်း၊ တရားကင်း အယ့် ။
ယင်းကလိသက်၊ထိုနှစ်ထပ်မှာ ဂိက္ခာဂိက္ခ(၉) ၊ ဂဏန်းကျခါ၊ ရာသက်ကာလ၊ ဟာယန(၁၀)မှီ၊ သာကီသကျ၊ ဂေါတမ ဟု၊ လောက လူ့  ရွာ၊ ဖြစ်ပွင့်လာရွယ့်၊ ဒေ၀ါမနု (၁၁)၊ ကျွတ်မှုဟောကြား၊ လေး ဆယ့်ငါးဝါ၊ ပြည့်ရေခါကား ၊ သြဆာဂါရ(၁၂)၊ သာခပုဏ္ဏမီ ( ၁၃)၊ ငြိမ်းလီနိဗ္ဗာန်၊ ထားပြန်သာသနာ၊ ဂေါ စာဖြိုရှု၊ ဓါတုဋီကာ(၁၄)၊ ရောက်ခါပေါင်းကြ၊ န၀တြိ၊ သတ္တဂီ(၁၅)၊ ဂေါတမပူရမ်၊ ကျမ်းညွှန်အလာ၊ ရက္ခ ပူရ၊ဓညသခင်၊ ဘုရင်ရာဇာ၊ ရာလမာယု၊ မင်းဟုသမိုက်၊ ဘိသိက်ကြိက်ခါ၊ ဂေါစာဘိန္န (၁၆)၊ သဓက ကျမ်း၊ ကိန်းခန်းအရ၊မိဘစံဇီ (၁၇)၊ဖြိုလီကြွင်းနှစ်၊ သကြစ်မဟာ၊ တရာသုံးခု၊ ပွင့်မူတွိကြုံ၊ ကဆုန် ပုဏ္ဏ ၊ဂေါတမဟု၊ ဗုဒ္ဓတံထွာ၊ ဖြစ်လာဟောကြား၊ လေးဆယ်ငါးဝါ၊ ရောက်တေခါကား၊ ရာလေး ဆယ့်ယှစ်၊ ပြည့်ခိုက်ကဆုန်၊ နိကြုံအင်္ဂါ၊ နိဗ္ဗူတာသို့ ၊ မှန်စွာရောက်ဟိ၊ ခတ္တိငါးဆက်(၁၈)၊ မပျက်စဉ် လာ၊ စန္ဒသူရိယ၊ဇီဝက(၁၉) ကိန်း၊ ဖြိုသိမ်းပြီးမှ တစ်ကလိုက်၊ သကြစ်လာ၊ သာသနာနှင့် စဉ်လိုက် မပျက်၊ ဆယ့်ခြောက်ဆယ်ခါ၊ သူရိယာစိတြ၊ ဓနဉ္စ (၂၀) ကိန်း၊ မယိမ်းဖြိုလေ၊ သုံးဆယ်နှစ်ဆက်၊ မပျက်ရောက်ဘိ၊ သိရိစန္ဒြ ၊ ဥတ္တမ (၂၁)ကိန်း၊ ဖြိုသိမ်းပေါင်းပြု၊ ဓါတုဋီကာ၊ ဂေါစာဂလော၊ ရောက် ကေမှန်စွာ၊ သာသနာနှစ်၊ အတိတ်ဖြစ်ခါ၊ ထိုနှစ်မှာပင် စိတြာပုဏ္ဏိ ၊ပဋိပါဒ (၂၂)၊ ဆုတ်စတရက်၊ ယင်းနိလက်တွင်၊ မြသွင်မှိုင်းအိ၊ တန်ခိုးဟိသည်၊ ဘုမ္မိရွှီဆောင်၊ ဗွီထက်ခေါင်ကို ညီအောင်ပြုကာ၊ ၀ိဟာတမျက်(၂၃)၊ လေးဘက်အညီ၊ ငါးဆောင်စီဖြစ်၊ တကျောင်းနှိုက်ဝယ်၊ ငါးဆယ်သံဃာ၊ တမျက် နှာဟု၊ နှစ်ရာ့ငါးဆယ်၊ လေးသွယ်ရဟန်း၊သီဟိုဠ်ကျွန်းက ဓူရနှစ်ဖြာ၊ ငါးရာစီမျှ၊ ရို့ပြည်မမှ၊ ဓူရ တထောင်၊ ပင့်ဆောင်ကျွေးမွေး၊ လှူပွဲကျင်းပ ၊ လက်က ထူးဆန်း၊ နတ်နန်းတမျှ၊ တူစွရွှီကျောင်း၊ အပေါင်းများစွာ၊ သံဃာနှစ်ထောင်၊ ပင့်ဆောင်ပြီးမှ စူလရေ၀၊ နာယကကား၊ ဓမ္မသဘင်၊ သင်္ဂါ ယနာ၊ တင်ရာအစ၊ ပဉ္စ၀ိနယာ (၂၄)၊ ၊ နှစ်ရာ့ငါးဆယ်၊ သုတ္တံကျယ်တိ၊ နာဝိဧကာ (၂၅)၊ ကိုးရာဆယ်တိ၊ အဘိဓမ္မာ၊ ကျမ်းလာသတ္တ၊ ယှစ်ရာ့လေးဆယ်၊ဗုဒ္ဓ ဟောတိ၊ ပါဋိနယ၊ တာမြပတ္တာ(၂၆) ၊ ကြီးဝါ ချပ် ပြား၊ နှစ်ထောင်အားဖြင့် ရွှီးထားသေချာ၊ တနှစ်ကြာအယ့်။
တဖြာဖွင့်ပြ၊ အဌကထာ၊ ၀ိနယာမှာ၊ ခုနှစ်ရာငါးဆယ်၊ သုတ်ဝယ်အလာ၊ ထောင့်ငါးရာတည့်၊ အဘိဓမ္မာ၊ ခြောက်ရာကိုးဆယ်၊ ဓိပ္ပါယ်ပေါင်းစုံ အကုန်ဖော်ဟိ၊၀ိသုဒ္ဓိမဂ်၊ သျှင်ပျက်မရာ၊ လိဇ္ဇိာ မှာနှိုက်၊ ချပ်ဖြစ်လေးဆယ်၊ ဒါယေ၀ိနိစ္ဆယ၊ကင်္ခ၀ိတရဏီ (၂၇)၊ ချပ်ရွှီလေးဆယ်၊ နိကာယ်ငါးဝ၊ အဌကထာ၊ နှစ်နှစ်ကြာပြု၊ ပ-ဒု-တ-မှီ၊ စတုတ္ထီကျ၊မဟိံသဟူ၊ မည်ရသမိုင်း၊ ရက္ခိုင်တိုင်းသို့  စိယ်ခိုင်းလီဘိ၊ မောဂ္ဂလိပုတ္တ၊ တိဿထေရ်လျှင်၊ သိခင်ရေ၀၊ ထေရ်ငါးဖြာ၊ ရဟန္တာရို့ ၊ ကြွလာ ထိုခါ၊ သူရိယာစက္က၊ ရို့ရာဇအား ဟောကြားဒေသနာ၊ ဒေ၀ါဓူတ (၂၈)၊ သုတ္တံအဆုံး၊ လေးသောင်း လုံးမှာ ဓမ္မာစက္ခု၊ ရမှုဟိကြောင်း၊ လေးသောင်းရဟန်း၊ ကျွတ်တန်းဝင်ကြ၊ ထိုကစရွယ့်၊ သာသ နာ့ဝန်ထမ်း၊ ရဟန်းသံဃာ၊ စဉ်လာပွားထ၊ သီဟဠနယ့်၊ ၀ါဒတူဘိ၊ ဂုဏသိ င်္ဂီမှာ ပတ္တာပဉ္စမီ (၂၉)၊ ကြီးရွှီချပ်ပြား၊ ငါးထောင်အားဖြင့်၊ ရွှီးထားသေချာ၊ သုံးနှစ်ကြာလျှင်၊ အောင်မြင်ပြီးစီး၊ သီရိစန္ဒြား၊ ရို့မင်းဖျားကား၊ ရုပ်ပွားပုထိုး၊ စေတီမျိုးနယ်၊ နောက်တိုးကန်တူး၊ ကောင်းမှုဖြာဖြာ၊ ပြည်ရွာခွန် ဘဏ်၊ ယွှပြန်တ၀က်၊ ရန်မျက်ကင်းငြိမ်း၊ မယိမ်းမယုတ်၊ ကြိုးကုပ်ဒါန၊ သီလတဖြာ၊ ဘာဝနာ တရပ်၊ ၀ိပဿနာ၊ များစွာအားထုတ်၊ လောကုတ်သဘင်၊ မဂ်ပွဲဆင်သည်၊ ဖိုလ်ဝင်နိဗ္ဗာန် ရောက် ကြောင်းတည်း။
( ) နံပါတ်ကွင်းတပ်ထားသော စကားလုံးအဓိပ္ပါယ်များ
(၁) ၀ိဒွါသမုတ် - ပညာရှိသမုတ်သော
(၂) စတုယုဂ် - ယုဂ်လေးပါး
(၃) ကလိယုဂ် - ဆုတ်ယုတ်သောယုဂ်
(၄) ဒွါပရန် - ဒွါပရယုဂ်
(၅) တြေတာ - တြေတရာယုဂ်
(၆) ကတ - တတယုဂ်
(၇) အအဥအ၊ ရာဂီဘြု - ၄၃၂၀၀၀၀ ပိဋကတ်သချာင်္နည်း
(၈) ပြည့်လာဥဿုံ - အားလုံးပြည့်စုံသည်။
(၉) ဂိက္ခာဂိက္ခ - ၂၅၂၅ ကလိယုဂ်နှစ်- ပိဋကတ်သချာင်္နည်း
(၁၀) ယာယန - အသက်တစ်ရာတန်းကပ်
(၁၁) ဒေ၀ါမနု - နတ်-လူ
(၁၂) သြဆာဂါရ - ၂၅၇၀- ပိဋကတ်သချာင်္နည်း
(၁၃) သာခပုဏ္ဏမီ - ကဆုန်လပြည့်နေ့ 
(၁၄) ဓာတုဋိကာ - ၁၁၆၉- ပိဋကတ်သချာင်္နည်း
(၁၅) န၀တြိသတ္တဂိ - ၃၇၃၉-ကလိယုဂ်ခေတ်
(၁၆) ဂေါစာဘိန္န - သက္ကရာဇ်ဖြိုခြင်း
(၁၇) မိဘစံဇီ - ၈၆၄၅- ပိဋကတ်သချာင်္နည်း
(၁၈) ခတ္တိငါးဆက် - ခတ္တိယအနွယ်မင်း ၅-ဆက်
(၁၉) ဇီဝက - ၁၄၈- ပိဋကတ်သချာင်္နည်း
(၂၀) ဓနဉ္စ - ၆၀၉- ပိဋကတ်သချာင်္နည်း
(၂၁)ဥတ္တမ - ၅၆၀ - ပိဋကတ်သချာင်္နည်း
(၂၂) စိတြာပုဏ္ဏိ၊ ပဋိပါဒ - တန်ခူးလဆုတ်-၁ရက်
(၂၃) ၀ိဟာတမျက် - တစ်မျက်နှာ၌ ကျောင်းဆောင်
(၂၄) ပဉ္စ၀ိနယာ - ၀ိနည်းငါးကျမ်း
(၂၅)နာဝဧကာ - ကိုးရာတစ်ဆယ်
(၂၆) တာမြပတ္တာ - ကြေးကိုခတ်ထားသည့်အပြား
(၂၇)ဒါယေ၀ိနစ္ဆယ၊ ကင်္ခ၀ိတရဏီ - ၀ိနစ္ဆယ နှင့် ကင်္ခ၀ိတရဏီကျမ်းပေါင်း
(၂၈) ဒေ၀ါဓူတ - ဒေ၀ဓူတသုတ္တံဒေသနာတော်
(၂၉) ပတ္တာပဉ္စမီ - ငါးထောင်ကြေးပြားချပ်ရေ
သျှင်ကောသလ(ဂဝေသီ)က သီဟိုဠ်တွင် စတုတ္ထသင်္ဂါယနာကို (သီဟိုဠ်ဘာသာ) ဖြင့် ပေထက်အက္ခရာ တင်ခဲ့ကြောင်းကို ဓမ္မပဒ အဌကထာနိဒါနကထာတွင် ….ယာတမ္ပ ပဏ္ဏိ ဒီပမှီ ဒီပဘာသာယ သဏ္ဍိတာ ။ဟု ပါရှိကြောင်းကို ရခိုင်ဝေသာလီသားတို့၏ သင်္ဂါယနာကို ဆန်းစစ်ချက် -စောမင်းနွယ်(မြောက်ဦး) ရေးသားသည့် ဦးရာဇ်မြေ မဂ္ဂဇင်း စာမျက်နှာ (၁၃၂) လေ့လာနိုင်ပါသည်။
တဖန် သာသနာနှစ် ၅ ရာစုမှစ၍ သာဂလမြို့တော်ရှင် မိလိန္ဒမင်းကြီး၏ အမေးကို ရဟန္တာအရှင်နာဂသိန်ဖြေဆိုသော မိလိန္ဒပဥှာ ပါဠိတော်ကျမ်းကြီး ပေါ်ထွက်လာခဲ့ပြီး သာသနာနှစ် (၁၀)ရာစု တနည်း AD (5) ရာစု တွင် အရှင်မဟာဗုဒ္ဓဃောသ မထေရ်သည် သီဟိုဠ်ပြည်သို့ ကြွရောက်ခဲ့ပြီး သီဟိုဠ်ဘာသာနှင့် ရှိသော ပိဋကတ်တော်များကို ပါဠိဘာသာသို့ ပြန်ဆိုရေးသားခဲ့ကြောင်းကို ပါဠိဘာသာဖြင့် အဌကထာဋီကာကျမ်းများကိုလည်း ပြုစုရေးသားခဲ့ကြောင်း ဗုဒ္ဓတရားတော် အထက်တန်းအဆင့် ကျမ်းနှင့် သာသနာ(၂၅၀၀) ခရီးကျမ်းမှာ ရေးထားသည်။
(ရခိုင်စာပေခရီး ၊ စာ-၂၃ ၊ ရခိုင်ညွန့်ဖူး အမှတ်(၄) စာ -၉၂ - ၉၃ ရှူ
ရှင်သာသာမဏေဓမ္မဗိမာန် သာသနာ့ဝန်ဆောင်အဖွဲ့ ၊ဓမ္မစာစောင် အမှတ်(၇) 2014 လင်္ကာကျွန်းသို့ ညွန်းစာစီဆောင်းပါး (Page-17)တွင်ရှု
သာသနာသက္ကရာဇ် ၄၅၀ ပြည့်နှစ်၊ ၀ါဋဂါမဏိမင်းလက်ထက် သီဟိုဠ် (ယခုသီရိလင်္ကာ)ကျွန်း၌ စတုတ္တသင်္ဂါယနာကို တင်ခဲ့သည်။
ယင်းသင်္ဂါယနာတင်ပွဲကို သီဟိုဠ်ဘာသာဖြင့် သင်္ဂါယနာတင်ခဲ့ခြင်းကို အိန္ဒိယနိုင်ငံက အသိအမှတ်မပြုဘဲပေ။ နောက် နှစ်(၁၅၀)လောက်အကြာ သာသနာသက္ကရာဇ် ၆၀၀ ၀န်းကျင်တွင် အိန္ဒိယနိုင်ငံ၊ ကနီသျှက မင်းလက်ထက်၊ ကသ္မီရတိုင်း၊ ဇလန္ဓရမြို့၌ သင်္ဂါယနာတင်ခဲ့သည်။
(က) သီဟိုဠ်ကျွန်း၌ ၀ါဋဂါမဏိမင်း တင်ခဲ့သော စတုတ္တသင်္ဂါယနာတင်ပွဲကို တောင်ပိုင်း သင်္ဂါယနာဟုလည်းကောင်း၊
(ခ) အိန္ဒိယနိုင်ငံ၌ ကနီရှက တင်ခဲ့သော သင်္ဂါယနာကို စတုတ္တသင်္ဂါယနာတင်ပွဲကို မြောက်ပိုင်း သင်္ဂါယနာတင်ပွဲဟုလည်းကောင်း ခေါ်ကြပါသည်။
ပိဋကတ်သင်္ချာတွက်နည်း ဂါထာဇယားပုံ
က ခ ဂ ဃ င စ ဆ ဇ ဈ သရ(၈)လုံးနှင့်
ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ
ယ ရ လ ၀ ဂ မ သ ဟ ဠ
ပ ဖ ဗ ဘ မ ည- န
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉
ယနေ့အချိန်ခါ ရခိုင်လူမျိုးတို့၏ သင်္ဂါယနာတင်ခဲ့သော ပေမူ၊ ကြေးပြားမူ ပိဋကတ်ကျမ်းဂန်များကို စစ်ဘေးစစ်ဒဏ်များကြောင့် ပျောက်ဆုံး ပျက်စီးကာ ရုပ်ဝတ္ထု သက်သေအဖြစ် လက်ဆုပ်လက်ကိုင် မပြနိုင်စေကာမူ ရခိုင်ပြည် ဝေသာလီရှိ (သင်္ဂါယနာကုန်းတော်) ရွှေတောင် ခေါ် သရက်ချိုတောင်ထိပ်ကို မြေညှိကာ သင်္ဂါယနာတင် သည့် ရဟန်တော်များ သီတင်းသုံးနေထိုင်ခဲ့သော ကျောင်းတော်ရာများနှင့် ယင်းတောင်ကုန်း၏ အရှေ့ဖက်တွင် ဧက (၂၀) ရှိ သောက်ရေကန်ကြီး ပန်းချင်းမြောင် ကို ရုပ်ဝတ္ထုသက်သေအဖြစ် ယနေ့တိုင် ထင်ရှားရှိနေပါသေးသည်။
ကျမ်းကိုး
ဗုဒ္ဓဂေါတမနှင့် စန္ဒသူရိယဘုရင်၊ ဦးလှထွန်းဖြူ
သီတဂူဆရာတော်ဥာဏိဿရ နှင့် ပဏ္ဍိတ် ဦး ဦးသာထွန်းအမေးအဖြေ ၊
ရခိုင်ဝေသာလီသားတို့၏ သင်္ဂါယနာကို ဆန်းစစ်ချက် -စောမင်းနွယ်(မြောက်ဦး)ဦးရာဇ်မြေမဂ္ဂဇင်း။
ရှေးခေတ်ရခိုင်သမိုင်းစဉ်နှင့် ခေတ်အဆက်ဆက် ယဉ်ကျေးမှု ၊ ဦးရွှေဇံ
ရာဇာနှင့် သာသနာ- ပါရဂူ
ဗုဒ္ဓသာသနာနှင့် ရခိုင်ပြည်( ဦးအောင်သာဦး)
၁၉၉၅ခုနှစ် -ရခိုင်မဂ္ဂဇင်း ၁၇ ၊ ဝေသာလီအတူးထုတ်၊
ဦးရွှေဇံ ၊ ရခိုင်သမိုင်းအလင်းပြကျမ်း
ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး ၊မောင်အံ့ (မဟာဝိဇ္ဖာ-ဘုံဘေ)
ရှင်သာသာမဏေဓမ္မဗိမာန် သာသနာ့ဝန်ဆောင်အဖွဲ့ ၊ဓမ္မစာစောင် အမှတ်(၇) 2014
No comments:
Post a Comment